Sunday, July 22, 2012
အနှစ်ကို အကာထင် ၊ အကာကို အနှစ်ထင်
ညနေဆည်ဆာ နေ၀င်ပြုစအချိန်တိုင်း တက္ကသိုလ်ဝင်းထဲမှာ စာရေးသူတို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်းလိုလို လမ်းလျှောက်ထွက်ရင်း ကျောင်းမှာ တစ်နေ့တာ လေ့လာခဲ့တဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးလေ့ရှိပါတယ်။ တက္ကသိုလ်ကျောင်းဝင်းကြီးက ကျယ်ဝန်းလှတော့ ကျောင်းထဲမှာလဲ အရိပ်ကောင်းကောင်း ပေးစွမ်းနိုင်တဲ့ သစ်ပင်ကြီးတွေ၊ စားလို့ရတဲ့ ပိန်းနှဲပင်၊ သရက်ပင်၊ အုန်းပင်၊ မာန်ကလာပင် စသည့် အပင်ပေါင်းစုံတို့ဖြင့်လည်း ၀ိုင်းရံ အုပ်စိုင်းနေပါတယ်။ သီးစားပင်တွေရှိလို့ ကျောင်းထဲမှာလည်း ငှက်ကလေးတွေ၊ မျောက်ကလေးတွေလည်း သူတို့ရဲ့ တစ်နေ့တာ အစားစာအတွက် လာလာစားလေ့ရှိပါတယ်။ တစ်နေ့တော့ လမ်းလျှောက်ထွက်ဖို့ အတူသွားနေကြ သူငယ်ချင်းတွေကလည်း သူတို့ကိစ္စနဲ့ သူတို့ အလုပ်များနေကြတော့ စာရေးသူ တစ်ယောက်တည်းပဲ စာအုပ်လေး တစ်အုပ် လက်ကကိုင်ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ကျောင်းဝင်း တစ်ပတ် လမ်းလျှောက်ပြီးနောက် အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်မှာ ခဏထိုင်ရင်း သစ်ပင်အပေါ်မှာ ငှက်ကလေးတွေ၊ မျောက်ကလေးတွေ အစာစားနေကြတာကို ငေးမောကြည့်နေမိခဲ့တယ်။ ကြည်နူးစရာလည်း အရမ်းကောင်းပါတယ်။
ထိုထဲကနေမှ အကြည့်တစ်ချက် ထိဟက်မိသွားတာကတော့ မျောက်ကလေးတစ်ကောင်ပါ၊ ပိန်းနှဲပင်ပေါ်မှာ ပိန်းနှဲသီးတွေကလည်း မှည့်တဲ့အသီးတွေရော၊ စိမ်းတဲ့အသီးတွေပါ ရှိနေပါတယ်၊ မျောက်ကလေးတစ်ကောင်ဟာ အဲဒီပိန်းနှဲပင်ပေါ်တတ်ပြီး ပိန်းနှဲသီးတွေကို လိုက်စမ်းသပ်ကြည့်ပါတယ်။ ပထမဆုံး မှည့်နေတဲ့ ပိန်းနှဲသီးကို သူ့လက်ကလေးနဲ့ နေရာအနှံ့ စမ်းသပ်ပြီး လက်နဲ့ ပိန်းနှဲသီးကို အလွယ်တကူ ကုတ်ဖဲ့လိုက်တာ အထဲ ထဲက ပိန်းနှဲအစံတွေ ထုပ်ယူစားဖို့ အဆင်ပြေသွားပါတယ်။ ဒါပေမယ့် အဲဒီအသီးကို မစားပဲ နောက်ထပ် ပိန်းနှဲသီး တစ်လုံးကို ထပ်ပြီး ရှေးနည်းတူ သူ့လက်ကလေးတွေနဲ့ စမ်းသပ်တယ်။ အဲ..အဲဒီနောက်တစ်လုံးက အတော် စိမ်းမည့်ပုံရပါတယ် မျောက်ကလေးဟာ အားကြိုးမာန်တတ် သူ့လက်တွေနဲ့ ကုတ်ဖဲ့လိုက်၊ ပါးစပ်နဲ့ ကိုက်ဖဲ့လိုက် လုပ်နေလိုက်တာ အချိန်အတော်ကလေး ကြာသွားပါတယ်။ မျောက်ကလေးလည်း အလွန်ပင်ပန်း သွားပုံပေါ်ပါတယ်။ ထို့နောက် သူ့ရဲ့ ကြိုးပန်းမှု့ အောင်မြင်သွားပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက အဲဒီတစ်လုံးကိုလည်း မစားပဲ စွန့်ခွာပြီး နောက်ထပ်တစ်ခါ အသစ်ပိန်းနှဲသီးတစ်လုံးကို ထပ်ပြီးတော့ ရှေးနည်းအတိုင်း ထပ်လုပ်ဆောင်ပြန်ပါတယ်။ ဒီတခါ တစ်လုံးကတော့ စောနက အစိမ်းသီး စိမ်းတာထပ်ကို တော်တော်လေး စိမ်းပါတယ်။ ပြီးတော့ အသီးကလည်း သေးငယ်တော့ ကျစ်လစ် မာကြောလောက်မယ်ထင်ပါတယ်။ ဒါကိုလည်း မျောက်ကလေးကတော့ ဇွဲမလျှော့ဘူး အားကြိုးမာန်တတ် အထဲ ထဲက အနှစ်သာရတွေ စားရဖို့တွက် အလွန်ထက်မြက်လှတဲ့ စူးတွေကိုလည်း ကြောက်ရွန့်မှု့မရှိဘဲ အဆက်မပြတ် ခွာထုပ်နေခဲ့ပါတယ်။ ဒုတိယ တစ်လုံးတောင် ဖက်ဖက်မောအောင် ကြိုးစားလုပ်ဆောင်ခဲ့ရတာ အခုနောက်ထပ် တစ်လုံးသာဆို
သူအတွက် ဘယ်လောက်တောင် ထပ်ပြီး ပင်ပန်းရဦးမလဲ၊ စာဖက်သူတို့သာ စဉ်းစားကြည့်ပါတော့။ ထိုကဲ့သို့ပါပဲ စာရေးသူ၊ စာဖက်သူတို့ဘ၀မှာလဲ အခွင့်ခါခိုက်လို့ ရခဲ့တဲ့ အရာ၊ ခက်ခက်ခဲခဲနဲ့ ကိုယ်လုပ်ဆောင်လို့ ရခဲ့တဲ့ အရာကို တခါတရံ တန်းဖိုးထားရကောင်းမှန်းမသိ၊ အကျိုးရှိရှိ အသုံးချရကောင်းမှန်းမသိဘဲ မသေချာ မရေရာသေးတဲ့ အရာများနောက်သို့သာ ကောင်းနိုး ကောင်းနိုးနဲ့ လိုက်လေ့ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ လက်ရှိရှိနေတာတွေလည်း တန်းဖိုးထားရကောင်းမှန်းမသိတော့ လက်လွတ် ဆုံးရှုံးလိုက်ရတယ်။ မရသေးတဲ့ အရာတွေနောက်ကို လိုက်ပြန်တော့လည်း အခက်ခဲတွေ၊ အဆင်မပြေမှုတွေနဲ့သာ တွေ့ကြုံကြရတယ်။
Labels:
စဉ်းစားစရာလေးတွေ