Sunday, June 12, 2011
ချီးမွမ်းခြင်း နှင့် အပြစ်တင်ခြင်း
ချီမွမ်းခြင်း နှင့် အပြစ်တင်ခြင်းတို့သည် လူကို အကျိုးသက်ရောက်စေတဲ့ လောကီဆိုင်ရာ အခြေနေများဖြစ်ကြပါတယ်။ အပြစ်တင်ခံရတဲ့အခါ စိတ်မချမ်းသာခြင်း၊ စိတ်ဆင်းရဲခြင်း နှင့် ချီးမွမ်းခံရတဲ့အခါ ပျော်ရွှင်ကြည်နူးရခြင်းတို့သည် လူများရဲ့ သဘာဝနိယာမများဖြစ်ကြ၏။ “ပညာရှိများသည် ချီးမွမ်းခြင်းနှင့် အပြစ်တင်ခြင်းများကြားထဲတွင် စိတ်မချမ်းသာဖြစ်ခြင်းနှင့် ၀မ်းသာပီတိဖြစ်ခြင်းတို့ကို ထုတ်ဖော်ပြသလေ့မရှိ” ဟု မြတ်ဗုဒ္ဓက မိန့်ကြားတော်မူပါတယ်။ လေတိုက်တဲ့အခါ မတုန်မလှုပ် ခိုင်မာတဲ့ ကျောက်တုံးကဲ့သို့ ပညာရှိများသည် ရွေ့လျားမှုမရှိဘဲ မားမားမက်မက်ရပ်တည်ကြပါတယ်။ ထိုက်တန်သော ချီးမွမ်းခြင်းသည် နားထဲမှာ ချိုမြိန်နေပြီး မထိုက်တန်သော ချီးမွမ်းခြင်းသည် နားထဲမှာ ချိုမြိန်သော်လည်း မြှေက်ပင့်ပြောဆိုနေသကဲ့သို့ လိမ်လည်လှည့်ဖြားမှုများပါဝင်နေပါတယ်။ ဒါပေမယ့် ထိုအရာများ အားလုံးသည် လူများရဲ့ နားဆီသို့ ရောက်မလာရင် ဘယ်လို အကျိုးရလဒ်ကိုမှ ဖြစ်စေမှာမဟုတ်တဲ့ အသံများသာ ဖြစ်ကြ၏။
လောကရေးရာ ရှုထောင့်အရ ချီးမွမ်းစကား တစ်ခွန်းသည် လူများအတွက် ခွန်အားဖြစ်၍၊ ကိစ္စတစ်ခုကိုလည်း ခရီးပေါက်ရောက်စေပါတယ်။ ချီးမွမ်းစကား အနည်းငယ် ပြောဆိုခြင်းဖြင့်၊ အကူညီတစ်ခုကို လွယ်လွယ်ကူကူနဲ့ ရရှိနိုင်ပါတယ်။ speaker တစ်ယောက်သည် စကားမပြောခင်၊ ပရိသတ်ကို ဆွဲဆောင်ဖို့ နူးညံ့၊ သိမ်မွေ့၊ ကောင်းမွန်တဲ့ ချီမွမ်းစကားတစ်ခွန်းနဲ့တင် လုံလောက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ နူးညံ့သိမ်မွေ့တဲ့ ချီးမွမ်းစကားတစ်ခွန်သည် မာကျောတဲ့ နှလုံးသားများကိုတောင် အရည်ပျော်စေနိုင်ပါတယ်။ အစမှာ ပရိသတ်ကို ချီးမွမ်းစကားပြောမယ်ဆိုရင်၊ ပရိသတ်သည် သူ့ပေါ်မှာ အာရုံစူးစိုက်လာပါလိမ့်မယ်။ ထိုကဲ့သို့မဟုတ်ဘဲ အစကတည်းက ပရိသတ်ကို ဝေဖန်အပြစ်တင်နေရင်၊ ပရိသတ်က အာရုံစူးစိုက်လာမှာမဟုတ်သလို speaker ရဲ့ ပြောဆိုချက်ကိုလည်း သဘောကျလက်သင့်ခံမှာလည်းမဟုတ်ပါဘူး။
ဒါပေမယ့် ဗဟုသုတကြွယ်ဝပြီး အကြောင်းအကျိုးကို ရှုမြင်သုံးသပ်တတ်တဲ့ သူများကတော့ လူမှုရေးအရ မလွှဲသာလို့ မြှောက်ပင့်ပြောဆိုခြင်းကို ကျင့်သုံးမှုမရှိကြသလို၊ အမှားကိုလည်း အမှားတိုင်းလက်ခံယူဆဖို့ ဆန္ဒမရှိကြပါဘူး။ မနာလို ၀န်တိုမှုမရှိဘဲ ချီးမွမ်းထိုက်သောသူကို ချီးမွမ်းစကားဆိုခြင်း၊ အမှားများကို ပြုပြင်ပြောင်းလဲလိုသော စိတ်ဆန္ဒဖြင့် သနားကြင်နာမှုမပါဘဲ အပြစ်တင်ထိုက်သူကို ပြင်းထန်စွာပြစ်တင်ဝေဖန်ခြင်းကို ပြုလုပ်ကြပါတယ်။ တကယ်တော့ ကျွတော်တို့ဆီဆိုက်ရောက်လာတဲ့ ဘယ်လိုဝေဖန်မှုမျိုးကိုမဆို နွေးထွေးစွာ လက်ကမ်းကြိုဆိုသင့်ပါတယ်။ အကြောင်းကတော့ အောင်မြင်မှုများကို လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ဖို့ ဝေဖန်မှုဆိုတာလည်း ကျွန်တော်တို့တွက် မရှိမဖြစ်လိုအပ်နေပါတယ်။ ‘လူတစ်ယောက်သည် ဝေဖန်မှုများကို လက်သင့်မခံနိုင်ရင်၊ အောင်မြင်မှုဆိုတာကို ရနိုင်ခြေမရှိ’။(Malcolm Forbes)
မြတ်ဗုဒ္ဓကို ရင်းရင်းနှီးနှီး သိခဲ့ကြတဲ့ သူများသည် သူတို့ရဲ့ ကိုယ်ပိုင် နည်းလမ်းများထဲမှာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များကို ချီးမွမ်းပြောဆို၍ ဂုဏ်တော်များကို ရေရွတ်လျက် မြတ်ဗုဒ္ဓ၏ ကျေးဇူးတော်ကို ချီးကျူးသီဆိုကြ၏။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့သည် ဘာသာတရားကိုင်းရှိုင်းသူတို့တွက် စိတ်ကိုငြိမ်းချမ်းအောင် လေ့ကျင့်ခြင်းရဲ့ အကြောင်းတရားတစ်ခုဖြစ်ပါတယ်။ ထို သာလွန်ကောင်မြတ်တဲ့ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့သည် သူ၏ နောက်လိုက်များဆီသို့ ဆက်လက် ပျံ့နှံ့နေဆဲပါပဲ။ အပြစ်တင်ခြင်းနဲ့ ပတ်သက်လို့ မြတ်ဗုဒ္ဓက ဘာတွေ မိန့်ကြားတော်မူပါသလဲ။
“စကားများများပြောတဲ့ သူများကို စကားများများ ပြောလို့ ပြစ်တင်ပြောဆိုကြ၏။ စကားနည်းနည်းပြောတဲ့ သူများကြတော့လည်း စကားနည်းလို့ ပြစ်တင်ပြောဆိုကြ၏။ အေးအေးဆေးဆေး ရေငုံနှုတ်ပိတ်နေတဲ့ သူများကိုလည်း ထိုကဲ့သို့ နေရမလားဆိုပြီး ပြစ်တင်ပြောဆိုကြ၏။ လူ့လောကမှာ အပြစ်တင်မခံရတဲ့သူ၊ အပြစ်နဲ့မကင်းတဲ့သူဆိုလို့ ဘယ်သူမှမရှိ” ဟု မြတ်ဗုဒ္ဓက မိန့်ကြားတော်မူပါတယ်။ ဒါကြောင့် အပြစ်တင်ခံရခြင်းသည် လူသားတို့၏ ထားဝရ အမွေအနှစ်ဟု ဆိုကောင်းဆိုနိုင်ပေ၏။ လောကလူသား အများစုသည် မြတ်ဗုဒ္ဓကို ဝေဖန်ပြစ်တင်ကြ၏။ ဒါပေမယ့် စစ်မြေပြင်ထဲမှာရောက်နေတဲ့ ဆင်တစ်ကောင်သည် သူကိုပစ်ခက်လာတဲ့ မြှားအားလုံးကို ကြံ့ကြံ့ခံနိုင်သကဲ့သို့၊ ထို့တူ မြတ်ဗုဒ္ဓသည်လည်း ဝေဖန်ပြစ်တန်ပြောဆိုတဲ့ဒဏ်၊ ရိုင်းပြစော်ကားတဲ့ဒဏ်များကို ကြံ့ကြံခံလျက် တွေ့ကြုံခံစားခဲ့ရပါတယ်။
ကောက်ကျစ်စဉ်းလဲတဲ့သူများ၊ မိုက်မဲတဲ့သူများသည် အခြားသူများ၏ အပြစ်နှင့် ရုပ်ဆိုးအကျည်းတန်ခြင်းကိုသာ ရှာဖွေလေ့ရှိကြပြီး ကောင်းတဲ့အများ နှင့် လှပတဲ့အရာများကိုတော့ ရှာဖွေပြောဆိုလေ့မရှိကြပါဘူး။ ဒါပေမယ့် ဘယ်သူမှ ပြည့်ပြည့်စုံစုံ ကောင်းတာမရှိသလို ဘယ်သူမှလည်း လုံးဝ ဆိုးသွမ်းတာမရှိပါဘူး။ အကောင်းဆုံးသောအရာများထဲမှာ အဆိုး, ဆိုတာရှိသလို အဆိုးဆုံးဆိုသောအရာများထဲမှာလဲ အကောင်းဆိုတာရှိပါသေးတယ်။ လူတစ်ယောက်သည် သန့်စင်သော ရည်ရွယ်ချက်နဲ့ သူရဲ့ အလုပ်ကိုလုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် အခြားသူတွေက သူရဲ့ အပြုမူများကို အဓိပ္ပါယ်လွဲကောက်ကောင်း ကောက်နိုင်ပါတယ်။ လူတစ်ယောက်သည် အကြွေးပတ်လည်ဝိုင်းနေတဲ့ သူများကို ကူညီဖို့ ကိုယ်တိုင် ကြိုးစားကောင်း ကြိုးစားနိုင်တယ် ဒါမှမဟုတ် ဒုက္ခရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကယ်တင်ဖို့ သူရဲ့ စည်းစိမ်ဥစ္စာများကို ရောင်းချလျက် ကူညီကောင်း ကူညီနိုင်တယ်။ နောက်ပိုင်းမှာ ထိုအကျိုးကျေးဇူးခံစားရတဲ့ သူများသည် ကူညီတဲ့သူ၏ အပြစ်တစ်စုံတရာကို တွေ့တဲ့အခါ မသမာတဲ့နည်းနဲ့ သူဆီက နောက်ထပ် ငွေညှစ်ခြင်း၊ သူ၏ ဂုဏ်သိက္ခာကို ထိပါးခြင်း၊ ကံဆိုးမိုးမှောင်ကျစေခြင်းဖြင့် ၀မ်းသာကောင်း ၀မ်းသာလိမ့်မယ်။
ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲမှာလည်း ဂုတ္တိလလို့ခေါ်တဲ့ နှဲသမားတစ်ယောက်သည် သူ၏ တပည့်ကို ဆရာစားမချန်ဘဲ သူ့အတက်ပညာအားလုံးကို သင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျေးဇူးမသိတက်တဲ့ တပည့်မိုက်သည် ဆရာရဲ့ ဂုဏ်သတင်းကို ဖျက်စီးဖို့ သူ့ဆရာနှင့် ပညာချင်း ယှဉ်ပြိုင်သော်လည်း မအောင်မြင်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ မြတ်ဗုဒ္ဓလက်ထပ်တော်တုန်းက ပုဏ်ဏားတစ်ယောက်သည် သူ၏အိမ်သို့ မြတ်ဗုဒ္ဓကို ဆွမ်းခံကြွတော်မူရန် ပင့်ဖိတ်ခဲ့လေ၏။ မြတ်ဗုဒ္ဓလည်း ပုဏ်ဏား၏ ပင့်ဖိတ်ချက်အရ သူ၏ အိမ်သို့ ကြွသွားတော်မူခဲ့ပါတယ်။ ပုဏ်ဏားသည် မြတ်ဗုဒ္ဓကို ဆွမ်းမလှူဘဲ မဖွယ်မရာ စကားလုံးများဖြင့် ဆဲရေးဖြစ်တင် ရိုင်းပြစော်ကားပါတယ်။
မြတ်ဗုဒ္ဓသည် ယဉ်ကျေးစွာနဲ့ ပုဏ်ဏားကို မေးမြန်တော်မူပါတယ်။
အသင် ပုဏ်ဏားမြတ် , သင့်ရဲ့ အိမ်သို့ ဧည့်သည်များကို ပင့်ဖိတ်လေ့ရှိပါသလား။
မှန်ပါတယ်။ ပင့်ဖိတ်လေ့ရှိပါတယ်။
သူတို့ သင့်အိမ်သို့ ရောက်တဲ့အခါ ဘာပြုလုပ်လေ့ရှိပါသလဲ။
သူတို့ကို ဧည့်ခံကျွေးမွေးဖို့ရာ စားစရာတွေ ပြင်ဆင်ထားရပါတယ်။
တကယ်လို့များ ထိုဧည့်သည်များ သင်၏ အိမ်သို့ မလာဖြစ်ခဲ့ရင် ထိုစားစရာတွေကို သင်ဘာလုပ်လိမ့်မလဲ။
ထိုဧည့်သည်များ ရောက်မလာတဲ့အခါ စားစရာများကို ကိုယ်ကိုယ်တိုင်ပဲ ပြန်ပြီးစားသောက်ရပါမယ်။
ကောင်းပြီ ပုဏ်ဏားမြတ် သင်ပုဏ်ဏားသည် ငါ့ကို ဆွမ်းအတွက် သင်၏ အိမ်သို့ ပင့်ဖိတ်တော်မူ၏။ ဒါပေမယ့် သင်က ငါ့ကို ဆဲရေးအပြစ်တင်ခြင်းများဖြင့်သာ ဧည့်ခံတော်မူ၏။ ထိုအရာများကို ငါ ဘာမှ လက်သင့်မခံပါ၊ ငါ့ဆီသို့ သင့်၏ ဧည့်ခံမှုများသည် ဘာမှ ရောက်မလာပါ၊ ထိုအရာများကို သင်ကိုယ်တိုင်ပဲ ပြန်ယူပါ ဟု မြတ်ဗုဒ္ဓက ထိုကဲ့သို့ မိန့်တော်မူလိုက်ပါတယ်။
မြတ်ဗုဒ္ဓသည် လက်တုန့်ပြန်မှုကို မကျင့်သုံးခဲ့ပါဘူး။ လက်တုန့်မပြန်မှုကိုသာ အလေးအနက်တိုက်တွန်းခဲ့ပါတယ်။ ‘အမုန်းတရားကို အမုန်းတရားနဲ့ တုန့်ပြန်လို့ မရပ်စဲနိုင်ပါဘူး။ ဒါပေမယ့် အမုန်းတရားကို မေတ္တာတရားဖြင့်သာ ငြိမ်းအေးရပ်စဲနိုင်ပါတယ်။’
ရိုင်းပြစော်ကားမှုများသည် အဆင့်အတန်းမရှိသော လူသားတစ်စုပဲ ဖြစ်ကြပါတယ်။ အလုပ်တွေကြိုးစား လုပ်လေလေ၊ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာလေလေပါပဲ။ အဲဒီလို အောင်မြင်လာတာနဲ့အမျှ အပြစ်တင်ဝေဖန်ခံရခြင်း၊ သူတပါးတို့ရဲ့ ရိုင်းပြစော်ကားတာကိုခံရလေပါပဲ။ သစ်ပင်တစ်ပင်ဟာ အထက်ကိုရောက်လေလေ၊ လေတိုက်တဲ့ ဒဏ်ကို ခံရလေလေပါပဲ။ ဆဲရေးတိုင်းထွားခြင်းသည် အောက်တန်းကျသော လူများရဲ့ လက်နက် ဖြစ်ပါတယ်။
မှတ်သားစရာကောင်းတဲ့ ပုံပြင်လေးကိုလည်း ပြောပြပါဦးမယ်။ Socrates ကို သူရဲ့ ဇနီးက ဆဲရေးအပြစ်တင်လေ့ရှိတယ်။ အခြားသူများကို ကူညီဖို့ အပြင်ကို ထွက်သွားတဲ့အချိန်တိုင်း သည်းမခံတက်တဲ့ သူရဲ့ ဇနီးက သူကို ကြိမ်းမောင်းပြောဆိုလေ့ရှိပါတယ်။ တနေ့တော့ သူမ နေမကောင်းဖြစ်၍ သူကို ဆူပူကြိမ်းမောင်းဖို့ ပျက်ကွက်ခဲ့တယ်။ ထိုနေ့မှာ Socrates သည် မျက်နှာမသာမယာနှင့် အိမ်မှ ထွက်လာခဲ့လေ၏။ သူရဲ့ သူငယ်ချင်းများက ၀မ်းနည်းနေတဲ့ Socrates ကို အကြောင်းအရင်းနဲ့ပတ်သက်လို့ မေမြန်းခဲ့တဲ့အခါ အရင့်ရင် ရက်တွေက သူ့ဇနီးက သူကို ဆူပူကြိမ်းမောင်းလေ့ရှိကြောင်း၊ ဒီနေ့မှ သူ့ဇနီးက သူကို ဆူပူကြိမ်းမှုမရှိလို့ ၀မ်းနည်းနေတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒါများ ‘မင်းရဲ့ ဇနီးက ဆူပူမကြိမ်းမောင်းတဲ့တွက် ဒီနေ့ မင်း ၀မ်းသာသင့်တယ်’ ဟု သူငယ်ချင်းများက ပြောခဲ့ကြ၏။ Socrates က အဲဒီလိုလဲ မဟုတ်သေးဘူးတဲ့ သူမက ငါ့ကို ဆူပူကြိမ်းမောင်တဲ့အခါ သည်းခံခြင်းကို လေ့ကျင့်ဖို့ ငါ့အတွက် အခွင့်ရေးတစ်ခုရတယ်တဲ့၊ ဒီနေ့ ငါ အဲဒီ အခွင့်ရေးနဲ့ လွဲသွားခဲ့တယ်။ ငါဝမ်းနည်းရခြင်းရဲ့ အကြောင်းက ဒါပါပဲကွာတဲ့။ ထိုအချက်အလက်တွေဟာ အားလုံးအတွက် မမေ့နိုင်စရာလေးတွေ ပါပဲ။ အပြစ်တင်ဝေဖန်ခံရတဲ့အခါမှာပဲဖြစ်ဖြစ်၊ စော်ကားခံရတဲ့အခါမှာပဲဖြစ်ဖြစ် ကျွန်တော်တို့သည် ဖြစ်မှုတစ်ခုကို ကျူးလွန်မည့်အစား သည်းခံခွင့်လွတ်ခြင်းကို ကျင့်သုံးဖို့ အခွင့်ရေးတစ်ခု ပေးတယ်လို့ပဲ သဘောထားသင့်ပါတယ်။
Labels:
You and your problems
0 comments:
Post a Comment