Tuesday, June 14, 2011
ဘာသာရေး ပဋိပက္ခ
လောက၌ လူအမျိုးမျိုး ရှိကြသလို၊ ထိုလူများရဲ့ စိတ်နေသဘော သဘာဝများသည်လည်း ကွဲပြားကြသည်။ စိတ်နေသဘာဝကွဲပြားသလောက် လူတို့ရဲ့ပြဿနာများသည်လည်း အမျိုးမျိုးကွဲပြားကြပြန်သည်။ ထိုပြဿနာများထဲမှာ လူမှုရေး ပြဿနာအများစုသည်လည်း ဘာသာရေး ပဋိပက္ခများထဲသို့ အကျုံးဝင်လာပါတယ်။ တကယ်တော့ ဘာသာရေးသည် ထိုပဋိပက္ခများရဲ့ အကြောင်းခံဖြစ်၏။ ဘာသာရေး၏ ရည်ရွယ်ချက်သည် လူလူချင်းစာနာသော အရည်အသွေးကောင်းများကို ထူထောင်ဖို့၊ စည်းလုံးညီညွတ်မှု နှင့် သဟဇာတဖြစ်သော ဘ၀ကို ဖွံ့ဖြိုးတိုးတတ်ဖို့ လူသားများကို လမ်းညွှန်ဖို့ပဲဖြစ်ပါတယ်။ သို့သော်လည်း အခုခေတ်မှာ မနာလိုဝန်တိုမှု၊ လူလူချင်း နှိမ့်ချမှု နှင့် ရန်လိုမှုကို ဖွံ့ဖြိုးတိုးတတ်ဖို့ အခြား ဘာသာများကို ဆန့်ကျင်လျက် ဘာသာရေးကို ခွဲခြားဆက်ဆံလေ့ရှိနေပါတယ်။ လူများသည် ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ရန် ဘာသာရေးကို အမှန်တကယ် အသုံးပြုနေကြတာ မဟုတ်ဘဲ ဘ၀င်မြင့်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ်များကို ဖန်တီးဖို့သာ အသုံးပြုနေကြ၏။ ကမ္ဘာ့ တစ်စိတ်တဒေသ နေရာများထဲမှာ ရန်လိုတဲ့ သဘောထားဖြင့် ခိုက်ရန်ဖြစ်ပွာစေတတ်သော ဘာသာရေး ပြိုင်ပွဲများက သွေးထွက်သံယိုမှု၊ သေကျေဒဏ်ရာရမှုများကို ဖန်တီးဖူးကြ၏။ ယနေ့ခေတ်မှာလည်း အချို့သောသူများသည် ဘာသာတရားကို ခုတုံးလုပ်လျက် မိမိတို့ရဲ့ ဂုဏ်ထူးရာသိမ်၊ အာဏာ ပါဝါ များ ရရှိရေး၊ တည်တန့်ရေးတွက် တလွဲအသုံးချနေကြပါတယ်။
ဘာသာရေး ခေါင်းဆောင်များသည် အခြားသော ဘာသာယုံကြည်မှု နှင့် ဓလေ့ ထုံးစံများကို ပြက်ရယ်ပြုလျက် သူတို့၏ တန်ဖိုးရှိသော ဘာသာရေး ဓလေ့ ထုံးစံများ၏ အစိတ်အပိုင်းကဲ့သို့ ကိုယ်ပိုင် ယုံကြည်မှုများကို ချီးမွမ်းပြောဆိုသော ပြစ်မှုကို ကျူးလွန်နေကြ၏။ မိမိဘာသာတရား ကောင်းစားရေးတွက် အခြားသော ဘာသာတရားများကို ရှုတ်ချခြင်းသည် မြင့်မြတ်သော ဘာသာတရားရဲ့ ကျင့်ထုံး ကျင့်နည်းတစ်ခု မဟုတ်ပါဘူး။ တစ်ဖန် အခြားသော ဘာသာတရားများက မိမိဘာသာတရားကို ရိုင်းပြစော်ကားလာတဲ့အခါ ပြန်လည်၍ လက်တုန့်ပြန် ရိုင်းပြစော်ကာခြင်းသည်လည်း မြင့်မြတ်တဲ့ ဘာသာတရားရဲ့ ကျင့်ထုံးကျင့်နည်းတစ်ခု မဟုတ်ပါဘူး။ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်တော်ထဲမှာ “ ချစ်သားတို့ အခြားသော ဘာသာတရားများက မိမိတို့ရဲ့ ဘာသာတရားကို ကဲ့ရဲ့ခြင်း၊ ရှုတ်ချခြင်း၊ အပြစ်တင်ဝေဖန်ခြင်း နှင့် ရိုင်းပြစော်ကားခြင်းများ ပြုလုပ်လာကြတဲ့အခါ အမြတ်ဒေါသဖြစ်ခြင်း၊ ပြန်လည်၍ အခြားသော ဘာသာတရားကို ရိုင်းပြစော်ကားခြင်း မပြုလုပ်ကြနဲ့ ထိုကဲ့သို့ ပြုမူမိမယ်ဆိုရင် မိမိတို့ကိုယ်တိုင်ပဲ စိတ်ဆင်းရဲရခြင်း၊ ပူဆွေးသောကဖြစ်ခြင်းများနဲ့သာ တွေ့ကြုံခံစားကြရလိမ့်မယ်။ ပြီးတော့ အခြားသော ဘာသာတရားက မိမိတို့ ဘာသာတရားကို ချီးမွမ်းစကားဆိုလာတဲ့အခါမှာလည်း ၀မ်းသာခြင်း၊ စိတ်နှလုံး ကြည်နူခြင်း၊ ပျော်ရွှင်ခြင်းများ မဖြစ်ကြပါနဲ့ အကြောင်းကတော့ ထိုကဲ့သို့ စိတ်နှလုံးကြည်မှုများသည် မိမိတို့ရဲ့ ဈာန်၊ မဂ်၊ ဖိုလ်ရခြင်းကို အန္တရာယ်ပြုခြင်း၊ အခြားဘာသာတရားများကို နှိမ့်ချ၍ မိမိတို့ရဲ့ ဘာသာတရား မြင့်မြတ်ကြောင်း ဘ၀င်မြင့်စိတ်ကို တိုးပွားစေခြင်းများ ဖြစ်နိုင်သောကြောင့် ” ဟု မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။ အခြားသူများသည် ဘာသာတရားကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အမြတ်အစွန်းတွက်အသုံးပြုခြင်း၊ နိုင်ငံရေး သြဇာ အာဏာတွက်အသုံးပြုခြင်း၊ ကိုယ့်ကိုယ်ကို အမွှမ်းတင်ခြင်း နှင့် လောကရေးရာ စွမ်းအင်များတွက် အသုံးချကြတယ်။ ဒါကြောင့် ဘာသာတရားသည် တဖြေးဖြေးနဲ့ ၄င်းကိုယ်တိုင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာပြီးပါပြီ။
ရုပ်ပိုင်းဆိုင်ရာ အမြတ်အစွန်းတွက် ဘာသာတရားကို အသုံးချသော သူများသည်လည်း သူတို့၏ အမိန့်၊ သြဇာ အာဏာကို ထိမ်းသိမ်းထားခြင်း၏ ခက်ခဲမှု၊ ရန်လိုမှု၊ မိမိကိုယ်ကို ယုံကြည်ခြင်းနည်းပါးမှု၊ စိုးရိမ် ကြောက်လန့်မှုများကို ရင်ဆိုင်ကြရ၏။ တကယ်တော့ လောကရေးရာ စွမ်းအင်များကို စုဆောင်းလာခြင်းသည် အခက်ခဲပြဿနာများကို ကျော်လွှာဖို့ ကောင်းမွန်တဲ့ အဖြေမဟုတ်ဘူးဆိုတာကို ဒီအကြောင်းတရားက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။
အချို့သော သူများသည် စည်းစိမ်ဥစ္စာပေါ်သာ အာရုံစူးစိုက်ကြ၏၊ စည်စိမ်ဥစ္စာသည် သေးငယ်သော သာမည ပြဿနာများကို ကျော်လွှားဖို့သာ အကူညီပေးနိုင်ပါတယ်။ လောကရေးရာ ပျော်ရွှင်မှုများ၊ နှစ်သက်စရာ ကာမဂုဏ် အာရုံးများကို စည်းစိမ်ဥစ္စာမှတဆင့် ရရှိခံစားနိုင်ကြတယ်။ သို့သော်လည်း သဘာဝ ပြဿနာများကိုတော့ ဘယ်သူမှ မပယ်သက်နိုင်ကြသေးပါဘူး။ ဘာသာရေး ဆရားများ၊ ဒဿနိက ဆရာများ၊ အတွေးအခေါ်ပညာရှင်များသည် လူသား၏ သဘာဝ အားနည်းချက်များ နှင့် ထို သဘာဝ အားနည်းချက်များကို ကျော်လွှားပုံ ကျော်လွားနည်းများကို ညွှန်ပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လူ့သာမန်တို့သည် ထင်မြင်ချက်ကဲ့သို့သာ ထို နည်းစနစ်များကို သဘောထားကြပြီး ပြဿနာများ၏ အဖြေများကဲ့သို့ သဘောမထားကြပါဘူး။ ဒါကြောင့် လူများသည် ပြဿနာများနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြရတဲ့အခါ ပြဿနာများကို ဖြေရှင်ဖို့ ကိုယ်ကိုယ်တိုင်၌လည်း ရင့်ကျက်မှုမရှိ၊ အခြားသောပညာရှင်များ၏ ပြဿနာကို ဖြေရှင်းနည်း sharings များကိုဆည်းပူးမှု မရှိသောကြောင့် ပြဿနာများကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ ငြိမ်းအေးရင် ပြီးရောဆိုသော အတွေးဖြင့် ပေါ့ပေါ့ဆဆ ဖြေရှင်းလိုက်ကြတယ်။ တကယ်တော့ ထိုပြဿနာများသည် ငြိမ်းအေးမသွားဘဲ ပို၍တောင် ကြီးမားလာပါတော့တယ်။ အနာနဲ့ ဆေး မှန်ကန်မှသာ ရောဂါဝေဒနာ ပြောက်ကင်းမှာဖြစ်သလို တွေ့ကြုံနေရသော ပြဿနာနဲ့ ဖြေရှင်းချက် မှန်ကန်မှသာ မိမိတို့ စိုးရိမ် ထိန့်နေရသော ပူပင်သောကများ ငြိမ်းအေးနိုင်မှာဖြစ်ပါတယ်။
Labels:
You and your problems
0 comments:
Post a Comment