အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာတရားရှိသူတို.သာ ပုံဖေါ်နိုင်စွမ်းရှိပါတယ်။ မေတ္တာပုံရိပ်ကိုလည်း မေတ္တာမျက်ဝန်းရှိသူတို့သာ နားလည်ခံစားနိုင်ပါတယ်။ လောကကြီး သာယာဝပြောဖို့ ကိုယ်ကျင့်တရားကို မြတ်နိုးပါ။ လောကကြီး သာယာလှပဖို့ သဘာဝတရားကို မြတ်နိုးပါ။ အမုန်းတရားကို တားဆီးဖို့ ချစ်ခင်မှုကို မြတ်နိုးပါ။ ဘက်လိုက်မှုကို တာဆီးဖို့ တရားမျှတမှုကို မြတ်နိုးပါ။

Tuesday, August 14, 2012

သတိရခြင်းနဲ့ လွမ်းတခြင်း


သူငယ်ချင်းတစ်ယောက်က မေးဖူးတယ် တစ်ယောက်ယောက်ကို သတိရနေတာ ဘယ်လိုဖြေဖျောက်ရမလဲ… နေ့တိုင်းလိုလို သတိရနေတာတဲ့။ ကျနော်ကလည်း မင်းက ဘယ်သူ့ကို သတိရနေတာလဲလို့ပြန်မေးလိုက်တယ် ၊ ကျနော်မေးတာကို ပြန်မဖြေသေးပဲ မိနစ်အနည်းငယ်လောက်ထိ သူနှုတ်ဆိပ်သွားခဲ့တယ်။ ဟေ့.. မေးနေတယ်လေကွာလို့ ကျနော်က ပြန်ပြီး ပြောလိုက်တော့မှ သူက ဘာရယ်မဟုတ်ပါဘူးကွာ တစ်စုံတစ်ယောက်ကိုပါတဲ့။ အမယ် မင်းက တယ်ဟုတ်နေပါလား သတိရ ရမည့် သူတွေတောင် ရှိနေပါလားလို့ ကျနော်က သူကို ခက်ရွှတ်ရွှတ်သဘောနဲ့ ပြောလိုက်တယ်။ ဒါနဲ့ မပြီးသေးဘူး ကျနော်က ပြန်ဆက်မေးတယ်။ မင်းက ဘယ်လို သတိရနေလို့ ဖြေဖျောက်လို့ မရအောင်ဖြစ်နေတာလဲ ပြောပြပါဦးလို့။ သူနည်းနည်းလေး ကျနော်ကို သိပ်မကြည်တော့သလိုနဲ့ အကြည့်တချက် မထိခနဲ့ နှင့် မင်းကလဲကွာတဲ့ ငါမသိလို့မှ မင်းကို မေးကာမှ ငါ့ကို ပုလိပ်စစ် စစ်နေပြန်ပါပြီးဟု စိတ်ဘ၀င်မကျပုံနဲ့ ကျနော်ကို ပြန်ပြောပါတယ်။ ကျနော်ကလည်း သူကို မေးရခြင်းနဲ့ ပတ်သက်လို့ ဖြောင့်ချက်သဘောအနေနဲ့ မင်းကလည်းကွာလို့ ငါမေးတယ်ဆိုတာကလည်း မင်းဆီက အကြောင်းအရာ အင်ဖော်မေးရှင်းလေးတော့ သိသင့်တယ်လေလို့ အဲဒါမှ မင်းမေးတာကို ငါက ဘယ်လို ဘာကြောင့်ဆိုတာ ပြန်ပြီးတော့ ပြောပြလို့ရမှာပေါ့လို့ ပြောလိုက်တော့မှ ကျနော်ပြောတာကို သူ သဘောတူလက်ခံသလိုနဲ့ ငါသတိရတယ်ဆိုတာ နေ့တိုင်းလိုလိုကို သူကိုသတိရနေတာကွာတဲ့ အဲဒါပဲ ငါ ပြောပြတတ်တယ် ကျန်တာတော့ ဘယ်လိုသတိရတယ်၊ ဘာကြောင့်ဆိုတာတော့ မင်းပဲ ငါ့ကိုပြောပြတော့ ဆိုပြီး နေပူထဲက ပြန်လာတဲ့သူတစ်ယောက် ပင်ပန်းနွှမ်းနယ်လွန်းလို့ ရေအေးအေးလေး တစ်ခွက်သောက်ပြီး ပင်ပန်းနွှမ်းနယ်မှုကို ဖြေချလိုက်တဲ့ ပုံစံမျိုးနဲ့ သက်ပြင်းတစ်ချက်ချကာ စကားကို ခက်နွှမ်းနွှမ်းလေး ကျနော်ကို သူပြောလိုက်တာ မြင်ရောင်နေမိသေးတယ်။ သူပြောပြချက်ကို နားထောင်ပြီးနောက် ကျနော် စိတ်ထဲ သိပ်ဘ၀င်မကျသလိုလည်း ဖြစ်လာပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ သူပြောတဲ့ သတိရတယ်ဆိုတဲ့ စကားနဲ့ သူဖြစ်ပျက်နေတဲ့ ပုံစံမျိုးနဲ့က အံဝင်ခွင်ကျမရှိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်ကလည်း ဟေ့ သူငယ်ချင်း မဟုတ်သေးဘူးနော် တစ်ခုခုတော့ လွဲနေပြီ မင်းဟာက ခါးတောင်းကြိုက်တာက တစ်ခြား ဟိုဟာက တစ်ခြားတော့ ဖြစ်နေပြီထင်တယ်လို့ ကျနော်က ပြောလိုက်တော့ ထို့နောက် သူငယ်ချင်းက ချက်ချင်းဆိုသလို ဘာလွဲတာလဲ သူငယ်ချင်းရဟု ကျနော်ကို ပြန်မေးပြန်ပါတယ်။ ကျနော်ကလည်း မင်းပဲ စဉ်းစားကြည့်လေလို့ မင်းက တစ်ယောက်ယောက်ကို သတိရတယ်တာပြောနေတာ မင်းပုံစံက တစ်စုံတစ်ယောက်ကို သတိရတဲ့ ပုံစံမျိုးလဲပေါက်မနေဘူးလို့ သူငယ်ချင်းက အဲဒါဆို ငါက ဘယ်လိုပုံပေါက်နေလို့လဲဟတဲ့။ ကျနော်ကလည်း သူကို နောက်သလိုလိုနဲ့ ပြန်ပြောလိုက်တယ် မင်းပုံစံက သတိရတဲ့ သူတစ်ယောက် တစ်စုံတစ်ယောက်ကို သတိရလို့ မျက်နှာလေးက ကြည်လင်ဝင်းပပြီး ခံစားမှုပီတိလေးတွေ သူ့မျက်နှာပြင်ပေါ်မှာ အရောင်သန်းနေတဲ့ ပုံစံမျိုးမဟုတ်ဘဲ လင်းတ(လဒ)ကြီး အသားပုတ်မစားရလို့ လင်းတ(လဒ)မှိုင် မှိုင်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့။ ဒါနဲ့ သူငယ်ချင်းက “ငါနဲ့ မင်းပြောလိုက်မှ ငါ့ပုံစံက ပုံဆိုးပန်းဆိုးကို ဖြစ်ရတော့တယ်၊ ဟင်း…..သတိရတာလေးတောင် ပြန်ပြင်ပြီး သတိရ, ရမလိုဖြစ်နေပြီး”ဟု  ကျနော်ကို ပြန်ပြောပါတယ်။ သူကပြန်မေးတယ် ဒါနဲ့ နေပါဦးတဲ့ မင်းပြောသလို လင်းတ(လဒ)မှိုင် မှိုင်တာ ဘယ်လိုမျိုးလဲတဲ့။ ကျနော်ကလည်း သူငယ်ချင်း စိတ်မကြည်မလင်ဖြစ်နေတာသိလို့ သူပျော်ရွှင်အောင်ဆိုပြီး ခြေထောက်နှစ်ဖက်ကို အောက်နဲနဲကွေး၊ လက်နှစ်ဖက်ကို ရှေ့ထုတ်ကွေး၊ မျက်လုံးနှစ်ဖက်ကို အပေါ်မော့၊ လက်ဟန်ခြေဟန်ပြလျက် ဂဲ..ဂဲ ဆိုးပြီး ဟိုကြည့် ဒီကြည့် ကြည့်ကာ အသံမြည်ပြီး လမ်းလျှောက်ပြလိုက်တော့
သူက ကျနော်ကို ကြည့်ပြီး ရယ်ကာမောကာ ပြောလိုက်ပုံက ဟား..ဟား.. ဟား..မင်းလုပ်ပြတဲ့ပုံက လဒကြီး အသားပုတ်မရလို့ လဒမှိုင် မှိုင်နေတာနဲ့ မတူပါဘူးတဲ့ ခွေးအကြီး လှည်းနင်းမိလို့ အော်ဟစ်ပြီး ထွက်ပြေးတဲ့ ပုံစံနဲ့တူနေတယ်တဲ့။ သူပျော်ရွှင်သွားခဲ့ပါတယ်။ စောနက ကျနော်ပြောခဲ့သလို သူ့မျက်နှာဟာ အလွမ်းအငွေ့အသက်တွေ မရှိတော့ဘဲ ပျော်ရွှင်ခြင်း အရိပ်အရောင်တွေ သန်းနေခဲ့ပါတယ်။ ကျနော်လည်း သူငယ်ချင်း ရယ်ကာမောကာ ပျော်ရွှင်နေခဲ့တဲ့ မျက်နှာအသွင်အပြင်လေး မြင်လိုက်ရလို့ စိတ်ထဲမှာ မခိုးတရို့လေး ပျော်ရွှင်မိခဲ့ပါတယ်။ ထို့နောက် သူငယ်ချင်းက သူမေးခွန်းရဲ့ ကောက်ကြောင်းကို ပြန်စ မေးပြန်ပါတယ်။ ဒါနဲ့ ကျနော်ကလည်း ပြောပြီးပြီလေးလို့ ပြောလိုက်ပါတယ်။ သူငယ်ချင်းက အာမေဋိတ် အသံနဲ့ “ဟန်” ဘယ်တုန်းက ပြောလိုက်တာလဲတဲ့ ကျနော်ကလည်း အခုတင်ပဲလေလို့ မင်းပဲ သတိရတာ ဘယ်လိုဖြေဖျောက်ရမလဲဆို.. အဲဒါကြောင့် ငါ မင်းကို ပျော်ရွှင်အောင်လုပ်ပြီး တစ်စုံတစ်ယောက်ကို သတိမရအောင် ဖြေဖြောက်ပေးလိုက်တယ်လေလို့ အခုပဲ မင်းပျော်ရွှင်သွားပြီးမဟုတ်လားလို့ ပြောလိုက်တယ်။ ပြီးတော့ မင်းက တစ်စုံတစ်ယောက်ကို သတိရနေတဲ့ပုံစံမျိုး မဟုတ်တော့ဘူး။ တစ်စုံတစ်ယောက်ကို စွဲလန်းနေတဲ့ ပုံစံမျိုး၊ လွမ်းစွတ်တမ်းတနေတဲ့ အဖြစ်မျိုး ဖြစ်နေတာ။ အလွမ်းတွေထဲမှာ စိတ်ကို ဂယောက်ဂယောက်ဖြစ်စေတတ်တဲ့ အညှို့ဓာတ်တွေ၊ စိတ်ကို ထိုင်းမှိုင်းစေ၊ ငြီးငွေ့စေတတ်တဲ့ စွမ်းအင်တွေ ရှိတယ် သူငယ်ချင်း။ ဒါကြောင့် မင်းရဲ့ စိတ်တွေ ဂျောက်ဂျက်ဖြစ်နေတာပေါ့ သူငယ်ချင်းရာ။  သတိရတယ်ဆိုတာ ငါ့အထင်တော့ကွာ အမြဲတမ်းကြီးတော့ မဖြစ်နိုင်လောက်ဘူး သူငယ်ချင်းရ။ သတိရတယ်ဆိုတာ အကြောင်းတရားတိုက်ဆိုင်လာတဲ့ အခါ ကိုယ်နဲ့ သိကျွမ်းဝင်ခဲ့တဲ့ သူတွေ၊ သို့မဟုတ် ကိုယ်ချစ်ခင်ရတဲ့ သူတစ်ယောက်နဲ့ ပျော်ရွှင်ကြည်နူးခဲ့တာတွေ၊ ဟိုဟို ဒီဒီသွားခဲ့တာတွေ၊ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်စော့ကစားခဲ့တာတွေဟာ ကိုယ်နေ့စဉ် သွားလာလှုပ်ရှား လုပ်ကိုင်နေရင်းကနေ ထိုထဲကမှ အကြောင်းတရားဆိုတဲ့ သတိရ စရာလေးတွေဟာ ငါ့တို့ အာရုံကို တွန်းကန်ပေးရင်းကနေ ပေါ်ပေါက်လာတဲ့ ကြည်နူးစရာလေးတွေ ဖြစ်တယ်လို့ ငါတော့ယူဆတယ်။ ဒါနဲ့ ပတ်သက်လို့ သူငယ်ချင်း… ငါ မင်းကို ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။

 တခါတုန်းက တစ်ယောက်နဲ့တစ်ယောက် အရမ်းကို သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိခဲ့ဖူးတယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့စုံတိုင်း သူတို့ရဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံဟာ ထိန်းလို့မရအောင် ခုန်စွနေတယ်တဲ့ တစ်နည်းပြောရရင် ရင်ခုန်သံတွေ စူညံနေတယ်ပေါ့ကွာ။ အဲဒီတော့ ကောင်မလေးက ကောင်လေးကို ပြောတယ် “မောင်..ညီမလေ အကိုနဲ့ တွေ့တိုင်း ရင်တွေခုန်နေမိတယ်..သိလား မောင်ရယ်” တဲ့ ကောင်းလေးကလည်း မောင်လည်း ညီမလိုပါပဲတဲ့။ ကောင်မလေးက  ဒါဆို ညီမ မောင်ရဲ့ ရင်ခုန်သံလေးကို နားထောင်ချင်လိုက်တာ.. နားထောင်လို့ရမလားဟင်တဲ့ ကောင်လေးကလည်း သူ့ရဲ့ ရင်ခုန်သံလေးတွေကို ကောင်မလေးကို နားထောင်ခွင့်ပြုလိုက်ပါတယ်။ ကောင်လေးကလည်း ကောင်းမလေးနည်းတူ သူ့ကောင်မလေးရဲ့ ရင်ခုန်သံလေးတွေကို နားတစ်ဖက် ရင်အပ်ပြီး နားထောင်ခဲ့ပါတယ်။ ကောင်လေးဟာ သူ့ကောင်မလေးရဲ့ ရင်ခုန်သံလေးတွေကို နားထောင်တဲ့အခါ “ဒုတ်..ဒုတ်..ဒုတ်” နဲ့ အသံကြားနေခဲ့ရပါတယ်။ ဒီလို့နဲ့ ချစ်သူနှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေကြရတယ်ဆိုပါတော့ကွာ။ တစ်နေ့တော့ ကောင်လေးက သူ့အလုပ်ကအပြန်မှာ ဘက်စ်ကား မှတ်တိုင်မှာ သူစီးရမည့်ကားကို ရပ်စောင့်နေရင်း လမ်းပေါ်မှာလည်း ကားတွေဟာ တ၀ီဝီနဲ့ ဖြတ်သွားနေကြပါတယ်။ သူစောင့်နေတဲ့ ဘက်စ်ကားမှတ်တိုင်ရဲ့ ရှေ့တည့်တည့်မှာလဲ မိုးရွာရင် မိုးရေတွေ မြောင်းထဲ စီးဆင်းနိုင်အောင်လုပ်ထားတဲ့ သံစကာပြားကြီးကလည်း ကားလမ်းပေါ်မှာ ရှိနေတယ်။ ကားတွေဟာ အဲဒီ သံစကာအပေါ်ကနေ အမြဲဖြတ်သွားတော့ နေ့စဉ်နေ့တိုင်း ကားများ ဖြတ်သွားတဲ့အခါ သံစကာက ချောင်နဲ့နဲ့ဖြစ်လာပါတယ်။ ကားတစ်စီး ဖြတ်သွားလိုက် “ဒုန်း”ဆိုတဲ့ အသံမြည်လိုက် တခါထိုအသံက  ကောင်လေးရဲ့ အာရုံကို သွားပြီးတွန်းကန်ပေးလိုက်နဲ့။ ကားတွေ ထပ်ကာထပ်ကာ ဖြတ်သွားတော့ အသံက ဆက်တိုက်ဆိုသလို “ဒုတ်…ဒုတ်..ဒုတ်” နဲ့ မြည်လာတဲ့အခါ အသံကို ကြားနေခဲ့တဲ့ ကောင်လေးရဲ့ အာရုံတွေဟာ တချိန်တုန်းက သူနဲ့ ခင်မင်ရင်းနှီး ချစ်ကျွမ်းဝင်ခဲ့ဖူးတဲ့ သူ့ရဲ့ ချစ်သူကောင်မလေးဆီသို့ သတိရခြင်း အရိပ်အရောင်တွေ ပြေးဝင်သွားတော့တာပါပဲ။ 

ဒါကြောင့် သူငယ်ချင်းရာ တစ်နှစ်မှာ တစ်ခါသာ သူ့အလိုအလျှောက် ဖူးပွင့်ဝေဆာနေတဲ့ ပိတောက်ပန်းကို မဖူးပွင့်မဝေဆာပါနဲ့လို့ ပိတ်ပင်တားဆီးလို့မရသလို တစ်နှစ်ကို နှစ်ကြိမ် ဖူးပွင့်ဝေဆာအောင် လုပ်ယူဖန်တီးလို့လည်းမရပါဘူး။ ထို့အတူဆိုသလို အကြောင်းတရားတွေတိုက်ဆိုင်လာလို့ သူ့အလိုအလျှောက်ဖြစ်ပေါ်လာတဲ့ သတိရချင်းဆိုတာကိုလည်း ဖြေဖျောက်စရာမလိုသလို တမင်သက်သက် လုပ်ယူဖန်တီးလို့လည်းမရဘူးလို့ ယူဆမိတယ် သူငယ်ချင်း..။ တစ်နှစ်မှာ တစ်ခါသာ ဖူးပွင့်တဲ့ ပိတောက်ပန်းရဲ့ သင်းပျံ့တဲ့ရနံ့ကို ရှူရှိုက်မိသူတိုင်း အသဲခိုက်အောင် မွှေးထုံသင်းပျံ့တဲ့ ရနံ့ကို ကြည်နူးခံစားမိကြသလို သူ့အလိုအလျှောက် ဖြစ်ပေါ်လာတဲ့ သတိရခြင်းဟာလည်း သတိရသူကို အသဲခိုက်အောင် မွှေးထုံသင်းပျံ့တဲ့ ကြည်နူးခြင်းတွေ ပေးစွမ်းနိုင်တာ သိပ်တော့ အထူးဆန်းမဟုတ်လှပါဘူး သူငယ်ချင်းရာ။ တစ်ယောက်ယောက်ကို သတိရလာတဲ့အခါ တ၀ကြီးသာ သတိရလိုက်စမ်းပါ။ ဒါပေမဲ့ အလွမ်းတွေတော့ မဖြစ်စေနဲ့ပေါ့ကွာ။ ပိတောက်ပန်းတွေရဲ့ ရနံ့ဟာ အချိန်တန်ရင် သူ့အလိုလို ပြေပျောက်သွားသလို၊ သတိရခြင်းတွေဟာလည်း အချိန်တန်ရင် သူ့အလိုလို ကွယ်ပျောက်သွားမှာပါ သူငယ်ချင်း။

သူငယ်ချင်းလည်း ခပ်ပြုံးပြုံးလေးနဲ့ အေး…ဟုတ်တော့လည်း ဟုတ်ပါတယ်တဲ့..ချွတ်ရွှင်ချက် လေသံလေးနဲ့ ပြောတော့။ ကျနော်က အင်း..မင်းဟာကလည်း လက်ခံတာတောင် လေသံက ပြည့်ပြည့်စုံစုံလေးတောင် မဟုတ်ဘူးနော်လို့ ပြောလိုက်တယ်။ ကျနော်လည်း သူငယ်ချင်းရဲ့ စိတ်ခံစားချက်ကို နာလည်သဘောပေါက်မိပါတယ်။ တစ်စုံတစ်ယောက်အပေါ် လွမ်းစွတ်တမ်းတခြင်းတွေဟာ ချက်ချင်းလက်ငင်းကြီး ဖြေဖျောက်လို့တော့ ဘယ်ရနိုင်ပါ့မလဲ။ ဖြေဖျောက်လို့ ရ, မရ  သေသေချာချာသိအောင် ကျနော်လည်း မင်းအောင်သီချင်းနဲ့ ကိုယ်တိုင် လွမ်းကြည့်လိုက်ဦးမယ်……….. လွမ်းနေအောင် ဖန်တယ်…လွမ်းနေအောင်ကြံတယ်….

(၈.၁၃.၂၀၁၂)

1 comments:

Unknown said...

အဖြစ်အပျက်လေးက တိုက်ဆိုင်လိုက်တာနော်

Post a Comment

အလုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။ ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ May all beings be happy and peaceful! May all beings feeble or strong, be happy and peaceful! May all beings long, medium, or short, be happy and peaceful! May all beings great, medium or short, be happy and peaceful! May all beings seen or unseen, be happy and peaceful! May all beings living-far or near, be happy and peaceful! May all beings unborn or being born, be happy and peaceful! Let none deceive another. Let none despise another.Let none get angry wishing misery to others. May they all be free from ailment, enmity and happy in peace!