Monday, May 9, 2011
မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးကိုလိုလားမှု
ကပိလ၀တ်ပြည်နှင့် ကောလိယပြည်အကြား၌ ရောဟိဏီ အမည်ရှိသော မြစ်ငယ်တစ်ခု ရှိ၏။ ထိုမြစ်ငယ်မှ စီးဆင်းသောရေကို ကန်ပေါင်ဖို့လျက် လှောင်ထားသော ဆည်ကြီးတစ်ခုလည်း ရှိလေ၏။ ကပိလ၀တ်ပြည်သား လယ်သမားများသည် လည်းကောင်း၊ ကောလိယ ပြည်သား လယ်သမားတို့သည် လည်းကောင်း ထိုဆည်မှရေကို အလျဉ်းသင့်သလို ထုတ်ယူသုံးစွဲကြမြဲ ဖြစ်၏။ ထိုနှစ်တွင်မူ မိုးခေါင်သောကြောင့် လယ်ရေ မလုံမလောက် ဖြစ်နေကြသည်။ ထိုကြောင့် နှစ်ဖက်သော လယ်သမားတို့သည် ထိုဆည်မှရေကို သူ့ဘက်ရထိုက်သည် ကိုယ့်ဘက်ရထိုက်သည်ဟု အငြင်းပွားကြကုန်၏။ လယ်သမားအချင်းချင်း အငြင်းပွားကြရာမှတစ်ဆင့် အုပ်ချုပ်သော မင်းသို့တိုင်အောင် ပြဿနာ ဆိုက်ရောက်သွားလေသည်။ လယ်ရေဝေငှမှုကိစ္စသည် မပြီးပြေသေးပေ။ နောက်ဆုံး၌ ကောလိယမင်းနှင့် ကပိလမင်းတို့ စစ်ကြေညာသည့်အဆင့်သို့ ရောက်ရှိသွားလေသည်။
ရေဟိဏီမြစ်အနီးရှိ ကွင်းပြင်တစ်ဝိုက်၌ နှစ်ဖက်သော စစ်တပ်ကြီးများ ချီတက်ရောက်ရှိနေကြလေပြီ။ တစ်ဖက်နှစ့်တစ်ဖက် အလျှော့မပေး၊ ပြေငြိမ်းရေးစကားကို မဆိုတော့ပေ။ ဓားလှံဖွေးဖွေး စစ်ရေးပြ၍သာ နေကြလေ၏။ ထိုကြောင်းကို သိတော်မူသော ဗုဒ္ဓသည် စစ်မြေပြင်သို့ တစ်ပါးတည်း ကြွရောက်လာလေ၏။ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ အေးချမ်းခြင်း အသရေတို့နှင့် ပြည့်စုံသော ဗုဒ္ဓကို ဖူးမြင်ရသောအခါ စစ်သွေးစစ်မာန် တက်ကြွလျက်ရှိသော မင်း၊ မှူးမက်၊ သေနာပတိ၊ စစ်သည် ဗိုလ်ပါတို့သည် လက်နက်အသီးသီးကို ပစ်ချကာ ဗုဒ္ဓထံသို့ အာရုံစူးစိုက်မိကြလေ၏။ ဗုဒ္ဓကို လက်စုံမြှောက်၍ ရှိခိုးဦးတင်မိကြလေ၏။ “ကပိလမင်း နှင့် ကောလိယမင်းတို့၊ သင်တို့၏ ဤစစ်ပွဲသည် အဘယ်အရာကို အကြောင်းပြု၍ ဖြစ်ပွားကြသနည်း” ဟု ဗုဒ္ဓက တည်ငြိမ်စွာ မေးမြန်းတော်မူလေ၏။ “ ရောဟိဏီမြစ်၏ ဆည်ရေကို အကြောင်းပြု၍ ဖြစ်ပွားကြပါသည် ဘုရား” ဟု နှစ်ဖက်စလုံးက လျှောက်ထားကြလေသည်။ “မင်းအပေါင်းတို့၊ ဤရေသည် မည်မျှလောက် အဖိုးထိုက်တန်ပါသနည်း၊ အတိုင်းမသိ အဖိုးထိုက်တန်ပါသလား” “အရှင်ဘုရား၊ အတန်အသင့်မျှ အဖိုးထိုက်တန်ပါသည်။ အတိုင်းမသိ အဖိုးထိုက်တန်သည်ကား မဟုတ်ပါဘုရား” “မင်းအပေါင်းတို့ သင်တို့နှစ်ဖက်သော ခတ္တိယနွယ်ဝင် မင်းအပေါင်းတို့၏ အသက်စည်းစိမ်သည် မည်မျှလောက် အဖိုးထိုက်တန်ပါသနည်း” “အရှင်ဘုရား၊ များစွာ အဖိုးထိုက်တန်ပါသည်။ အတိုင်းအဆ မရှိနိုင်ပါ ဘုရား” “မင်းအပေါင်းတို့၊ အဖိုးအနည်းငယ်သာလျှင် ထိုက်တန်သော ရောဟိဏီ ဆည်ချောင်းရေကို အကြောင်းပြု၍ အတိုင်းအဆမရှိ အဖိုးထိုက်တန်သော သင်တို့၏ အသက်စည်းစိမ်ကို အဘယ်ကြောင့် ဖျက်ဆီးပစ်ချင်ကြကုန်သနည်း။ ခိုက်ရန်ဖြစ်ပွားခြင်းသည် စိုးစဉ်းမျှအကျိုးမရှိပေ” ဟု ဟောကြားတော်မူလေသည်။
ထို့နောက် တစ်ဆက်တည်းပင် ဖန္ဒနဇာတ်ကို ဟောကြားတော်မူ၏။ ဒုဒ္ဒုဘဇာတ်ကိုလည်း ဆက်လက်ဟောကြားတော်မူ၏။ လဋုကိကဇာတ်၊ ရုက္ခဓမ္မဇာတ်၊ ၀ဋ္ဋကဇာတ်တို့ကိုလည်း ဟောကြားတော်မူ၏။ ဖန္ဒနဇာတ်သည် ၀က်ဝံတစ်ကောင်နှင့် ကြို့ပင်စောင့်နတ်တို့ ခိုက်ရန် အငြင်းပွား အချင်းများသဖြင့် နောက်ဆုံး၌ နှစ်ဦးစလုံးပင် ဆုံးရှုံးပျက်စီးရသော ဇာတ်ဖြစ်လေသည်။ ဒုဒ္ဒုဘဇာတ်သည် ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပြီဟု အော်ဟစ်သော ယုန်ငယ်တစ်ကောင်၏ စကားကို ယုံကြည်မိ၍ တောတွင်းတိရစ္ဆာန်များစွာတို့ ပြေးလွှားပျက်စီးရသော ဇာတ်ဖြစ်လေသည်။ လဋုကိကဇာတ်သည် ဘီလုံးငှက်ကို ရန်ပြုနှိပ်စက်သော ဆင်ရိုင်းကြီးသည် ထိုဘီလုံးငှက်၏ ထပ်မံ၍ ကြံစည်ရန်ပြုမှုကြောင့် ပျက်စီးသေဆုံးရသော ဇာတ်ဖြစ်လေသည်။ ရုက္ခဓမ္မဇာတ်သည် တောအုပ်၌ အခြားသောသစ်ပင်များနှင့် မရောနှောဘဲ သီးသန့်တည်ရှိနေသော သစ်ပင်ကြီးကို ဗိမာန်အဖြစ် လိုချင်တောင့်တမိသူ ရုက္ခစိုးသည် လေပြင်းတိုက်ခတ်သောအခါ အကာအကွယ် အဖွဲ့အစည်းမရှိ ပျက်စီးဆုံးရှုံးရသော ဇာတ်ဖြစ်လေသည်။ ၀ဋ္ဋကဇာတ်သည် ငှက်မုဆိုး၏ ပိုက်ကွန်အတွင်း၌ မိကုန်သော ငုံးငှက်တို့သည် စည်းလုံးညီညွတ်မှုဖြင့် အားထုတ်ကြသဖြင့် အသက်ဘေးမှ လွတ်မြောက်ရသော ဇာတ်ဖြစ်လေသည်။ ယင်းသို့ဖြင့် ဗုဒ္ဓသည် ငြိမ်းချမ်းရေး ညီညွတ်ရေးလျှင် ဦးတည်ရည်ညွှန်းချက်ရှိသော ဇာတ်ဝတ္ထုများကို ဟောကြားတော်မူသောအခါ ကပိလနှင့် ကောလိယ နှစ်ပြည်ထောင်မင်းတို့သည် လည်းကောင်း၊ မှူးမတ် သေနာပတိ စစ်သည်ဗိုလ်ပါတို့သည် လည်းကောင်း ရန်ပြုစစ်ခင်းခြင်းကို စွန့်လွှတ်ကြကုန်၏။ ချစ်ကြည်ရေး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုသာလျှင် လိုလားတောင့်တကြကုန်၏။ အမြင်မှားဖြင့် လမ်းမှားအတိုင်း ဓားလှံဝင့်၍ လာရောက်ခဲ့ကြသူတို့သည် အမြင်မှန်ရရှိကာ လမ်းမှန်အတိုင်း ဓားလှံ ရုပ်သိမ်း၍ ပြန်လည် ဆုတ်ခွာသွားကြလေသည်။ ဗုဒ္ဓသည် ဖြစ်ပေါ်လာသော အကြောင်းရပ်အားလျော်စွာ ပုံခင်း၍ ပြတော်မူလေ့ရှိသည်။ ယင်းသို့ခင်းပြသော ဗုဒ္ဓ၏ ပုံများသည် လွန်စွာ ထိရောက်လေသည်။ သက်ဆိုင်သူတို့အား များစွား အကျိုးရှိစေလေသည်။ ဗုဒ္ဓ၏ ဥပမာအလင်္ကာတို့သည်ကား မြောက်မြားစွာ ရှိနေပေသေးသည်သာတည်း။
Labels:
Dhamma article
0 comments:
Post a Comment