![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdOiE6ppBMO2asvkHaTfL6xt5JgpxlAsoFt0rlfl66KGJYbw4rc75EXJxDJS-No-hXDH7nuDTMQZBils67rOs1uM9oiNo7KASgS3Sw_Iu9mrB9KpFoGlVcnNdo8_YpX24rXxi_GJsDU90/s320/kk.jpg) |
ဘုရားလောင်းသိဒ္ဓတ္ထ မွေးဖွားပြီးနောက် ခြေလှမ်း(၇) လှမ်းနေပုံ |
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ကဆုန်လပြည့် ဟာဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓနေ့ဖြစ်ပါတယ် ။ ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ ဟာ ဆိုရင် မဟာလူသား မြတ်ဗုဒ္ဓ ၊ သစ္စာတ၇ားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာဘုရား ရှင်ရဲ့ မွေးနေ့ ပဲဖြစ်ပါတယ် ။ မြန်မာမှာ တော့ ကဆုန်လပြည့်ဗုဒ္ဓနေ့ လို့ ခေါ်ဆိုပြီး နိုင်ငံ တကာသုံးအနေနဲ့တော့ ကဆုန်လပြည့်နေ့ကို ဝိဆက်ဒေး (Vesak Day) သို့ မဟုတ် ဝိဆာခါ ဒေး (Vesaka Day) လို့ ခေါ်ပါတယ် ။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ကျင်းပတဲ့ရက်တွေမတူညီသလို အခေါ်အဝေါ်တွေလည်းကွဲပြားကြပါတယ် ။
အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti) လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာက တော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)( Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း (fó dàn) ၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော် တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNEDBkzhWMqUy3k3irODOFazzHa161nJB70ax5DPA88sGMTcm_SJb1AjBhOXaConJywqF7zoPX0BqxWA77c3BNwucBgIqy7cSIjKOdQU2Orrmtk4OJzM7R1YBCWG7_QH7I6gbONdUMt4/s320/02+The+Hermit+Sumedha+makes+his+aspiration.jpg) |
သုမေဓာအရှင်ရသေ့ သူ့ရဲ့ကိုယ်ကို တံတားခင်ပေးနေပုံ |
မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။ အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ၀ိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။
ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက် ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက် လေ့ရှိပါတယ်။
၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCB1EFlYlQq6P6HdjWod_WEiyyiHM1tinWCCNG3z1f_5lXIi1Gdavttu-hKfAFOn4yT_EXHylgWTYTWeV3HqH-dB532iFkpcz-K9fckNxWn8gQY59GoPPd-SEdHqCAbyfFCPvaF-XI9Nw/s320/pari.png) |
မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံနေတော်မူစဉ် |
ဒီ ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်နေ့ထူးနေ့မြတ်ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့
၁ ။ ဗုဒ္ဓမြတ်စွာဘုရား လောင်း ဟာ သုမေဓါရှင်ရသေ့ ဘဝ နဲ့ ဒီပင်္ကရာ မြတ်စွာဘုရားဆီမှာ ကြာပန်းကိုလှူ တဲ့ အချိန်၊ဒီပင်္ကရာမြတ်စွာဘုရားရှင်မှာအလှုကိုလက်ခံတော်မူပြီး ဒီရသေ့ဟာ နောက် လေးသင်္ချနဲ့ကမ္ဘာတစ်သိန်းအကြာ ဘဒ္ဒကမ္ဘာမှာ ဂေါတမ ဘွဲ့ တော်နဲ့ ဘုရားစင်စစ်ဖြစ်မယ်ဆိုတာကိုတာ ဗျာဒိတ်တော်ထားတဲ့ နေ့ဟာ ဒီကဆုန်လပြည့် နေ့ ပါပဲ ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrrL424WAUrlV_p34HZrVgtRSZFhkyyRGJy2zvVNLIAKEDytiSS3gT7k-EKM7viasYZR8WBXztMoOFSFlDNf8S4yhsTSH5-UsIIjSN2kmEUTPtEIg5Vel4y6q0KQwu1nfz3W0U7GV03ew/s320/Kason03.jpg) |
မြန်မာဗုဒ္ဓဘာသာဝင်များ ညောင်ရေသွန်းလောင်နေစဉ် |
၂ ။ ဘုရားလောင်းရဲ့နောက် နောက်ဆုံး ဘဝ သိဒ္ဓတ္ထ မင်းသားအဖြစ် မဟာသက္ကရာဇ် ၆၈ ခုနှစ် ၊ ကဆုန်လပြည့် နေ့ (ဘီစီ ၆၂၃ )သက္ကတိုင်း ၊ ကပိလဝတ္ထု မြို့တော် နဲ့ ဒေဝဒဟ မြို့ အကြားမှာရှိတဲ့ လုမ္ဗနီ အင်းကြင်းတောမှာဖွားမြင်တော်မူခဲ့ပါတယ် ။ ဒါကြောင့်
မြတ်စွာဘုရားရှင် မွေးနေ့ဟာလည်း ကဆုန်လပြည့်နေ့ဖြစ်ပါတယ် ။ အဲဒီနေ့မှာပဲ မြတ်စွာဘုရာှးရင်ရဲ့ ဖွားဘက်တော်တွေဖြစ်တဲ့ ညီတော်အာနန္ဒာ ၊ ယသော်ဓရာမိဖုရား ၊ ဆန္ဒအမတ် ၊ကဏ္ဍက မြင်း ၊ မဟာဗောဓိညောင်ပင် နှင့် ရွှေပလ္လင် ၊ ရွှေ အိုးကြီး ၄ လုံးတို့ပါတပြိုင်တည်းပေါ်ထွန်းခဲ့ပါတယ် ။
၃ ။ မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။ ဒီဘုရားဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ပဲ မြတ်စွာ ဘုရားရှင်က အတွင်းရန်ဖြစ်တဲ့ကိလေသာရန်ကိုအောင်မြင်တော်မူခဲ့ပီး၊အပြင်ရန်ဖြစ်တဲ့မာနတ်ရန်ကိုအောင်မြင်တော်မူခဲ့ပါတယ်။
ပီးတော့မြတ်စွာဘုရားတစ်ပါးတည်းသာရရှိတော်မူအပ်တဲ့ သဗ္ဗင်ညုတရွှေဥာဏ်တော်ကြီးကိုလည်း ဒီကဆုန်လပြည့်နေ့မှာပဲရရှိတော်မူခဲ့တာဖြစ်ပါတယ် ။
၎ ။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပီး တစ်နှစ်အကြာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့ (ဘီစီ ၅၈၇) သာဝတ္ထိမြို့ ဇေတဝန် ရွှေကျောင်းတော်ကြီးမှာ ဗုဒ္ဓဝင် ပါဠိတော်ကြီးကိုဟောကြားခဲ့ပါတယ် ။ ဒါကြောင့် ဘုရားရဲ့ဖြစ်စဉ်တော် ၅၅၀ ကိုဟောကြားခဲ့တာလည်း ဒီ ကဆုန်လပြည့်ပဲဖြစ်ပါတယ် ။
၅ ။ မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ် ၄၅ ဝါပတ်လုံး တရားဓမ္မဟောကြားပီး သတ္တဝါတို့အကျိုးကို နေ့မနားညမအားကြိုးစားဆောင်ရွက်တော်မူခဲ့ပီး မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် (ဘီစီ ၅၄၃) နေ့ ကုသိနာရုံ ပြည် ၊ မလ္လာမင်းတို့ရဲ့ အင်ကြင်းစုံ အင်ကြင်းတောမှာပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါတယ် ။ ဒါကြောင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူတာလဲ ကဆုန်လပြည့်နေ့ပဲဖြစ်ပါတယ် ။
ဒီလိုထူးခြားတဲ့ အချက် ( ၅ ) ချက်နဲ့ ပြည့် စုံနေတဲ့ ကဆုန်လပြည့်နေ့ကို ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန် လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထားကြပါတယ် ။
ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5fJYKNxcP2z1G7333AE91PFjvbLEcwEFq514gJ3_GnOIIEW5YfwnM_7Na91fivlIKfpPlk11ML8FjI-fCKzUN1eMIct5s9jI557y6R29jJ4oqTKIP-uU4AjJ8EEIQFR2z6t9xCr9Npxw/s320/abaktegee.jpg) |
သီရိလင်္ကာနိုင်ငံ ကျောင်းသား/သူ လေးများမှ ဆီမီး ပူဇော်နေစဉ် |
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။ ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ ဓလေ့မှာတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကိုနေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီးဗုဒ္ဓရဲ့အမှတ်အသားအပင်ဖြစ်တော်မူတဲ့ဗောဓိညောင်ပင်တို့ကိုညောင်ရေသွန်းလောင်းခြင်း ၊ ဥပုသ်သီလဆောက်တည်ခြင်း ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းတို့ လုပ်ဆောင်ကြပါတယ် ။
ဗုဒ္ဓဘာသာဝင်ညီကိုမောင်နှမအားလုံးလည်းကဆုန်လပြည့်ဗုဒ္ဓနေ့မှာကုသိုလ်ကောင်းမှုပြုနိုင်ကြဖို့အလို့ငှာ
နှိုဆော်အပ်ပါတယ်ခင်ဗျာ ။
0 comments:
Post a Comment