Sunday, April 10, 2011
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ
သာဝတ္ထိပြည်၌ ဝေဒေဟိကာ အမည်ရှိသော အိမ်ရှင်မတစ်ဦး ရှိခဲ့လေ၏။ ထို ဝေဒေဟိကာသည် ယဉ်ကျေးသိမ်မွေ့သူအဖြစ် ကျော်ကြားသူဖြစ်သည်။ နှိမ့်ချကျိုးနွံ၍ အေးအေးဆေးဆေး ရှိသူအဖြစ်လည်း ကျော်စောနေသူ ဖြစ်သည်။ ထို ဝေဒေဟိကာ၏ အိမ်၌ ကာဠီအမည်ရှိသော အခိုင်းအစေတစ်ဦးရှိ၏။
“ ငါ၏အရှင်မ ဝေဒေဟိကာသည် ယဉ်ကျေးသိမ်မွေ့သူဟူ၍ သတင်းကြီးလှ၏ ။ အေးဆေးညင်သာလှသူ ဟူ၍လည်း သတင်းကြီးနေ၏ ။ အမှန်တကယ် ဟုတ်ပါမည်လော ။ ငါနဲ့ အခြားသူတွေက အရှင်မ အလိုကျ ပြောဆို ဆက်ဆံလျှက်၊ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်၍ ငါတို့ အပေါ် ပြန်ကောင်းနေတာများလား ။ အရှင်မကို အကဲစမ်းရလျှင် ကောင်းပေမည်” ဟု ကာဠီသည် အကြံဖြစ်ပေါ်လေ၏ ။
နောက်နေ့နံနက်၌ ကာဠီသည် အိပ်ရာမှ မထဘဲ နေ၏ ။ နံနက်စောစောထပြီး ကိစ္စကြီးငယ် ဆောင်ရွက်လေ့ရှိသော ကာဠီကို မတွေ့ ရသဖြင့် ဝေဒေဟိကာသည် ကာဠီ၏ အိပ်ရာသို့ သွားလေသည် ။
“ ကာဠီ၊ ဘာဖြစ်လို့ အိပ်ရာက မထသလဲ၊ နေမကောင်းလို့လား” ဟု မေး၏။
“ဘာမှမဖြစ်ပါဘူး အရှင်မ၊ နေကောင်းပါတယ်။ အိပ်ရာထဲ နေချင်လို့ နေတာပါ” ဟု ကာဠီက ပြန်ပြော၏ ။ ထိုအခါ ဝေဒေဟိကာသည် မကျေနပ်ခြင်းဖြစ်ကာ “ ဟဲ့ကျွန်မ၊ အိပ်ရာက နေမြင့်မှ ထရသလား၊ နင် ဘာအသုံးကျသလဲ” ဟု မျက်မှောင်ကြုတ်၍ မာမာ ကျောကျော ပြော၏ ။ “ ငါ၏အရှင်မသည် ဘယ်သို့ပင် သတင်းကြီးသော်လည်း စင်စစ်အားဖြင့် ယဉ်ကျေးသိမ်မွေ့ သူမဟုတ်၊ အေးဆေး ညင်သာသူမဟုတ်၊ ငါက အစစအရာရာ အလိုကျ ဆောင်ရွက်ပေးနိုင်၍သာ ကျေနပ်မှု ရနေခြင်း ဖြစ်၏” ဟု တွေးတောမိလေသည်။
ကာဠီသည် သူ၏အရှင်မကို ဆက်လက် အကဲစမ်းလိုသဖြင့် နောက်တစ်နေ့ နံနက်၌လည်း အိပ်ရာမှ မထလဲ နေပြန်၏။ ဝေဒေဟိကာသည် ကာဠီအိပ်နေရာသို့ ရောက်ရှိလာကာ “ ကာဠီ ဘာဖြစ်သလဲ၊ နေမကောင်းဘူးလား” ဟု မေးသည်။ “ ဘာမှမဖြစ်ပါဘူး အရှင်မ၊ မထချင်လို့ နေတာပါ” ဟု ပြန်ပြောလျှင် ဝေဒေဟိကာသည် အမျေက်ဒေါသဖြင့်……” ဟဲ့ ကျွန်ယုတ်မ၊ သစ်တုံးမ၊ အသုံးမကျတဲ့ ကောင်မ” ဟူ၍ ဆိုးဆိုးရွားရွား ဆဲဆိုကြိမ်းမောင်းလေသည်။ ထိုအခါ ကာဠီသည် “ အင်း- သေချာပါပြီ၊ ငါ့အရှင်မ ဟာ အမျက်ဒေါသစိတ်၊ မာန်စောင်ကြမ်းကြုတ်မှု မရှိ၍ ယဉ်ကျေးသိမ်မွေ့ သူအဖြစ် သတင်းကြီးရခြင်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်၏၊ ငါက လိုလေသေးမရှိ ကောင်းမွန်စွာ ပြုလုပ်ပေးနေသဖြင့်သာ အရှင်မမှာ နာမကျော်ကြားနေခြင်းဖြစ်၏” ဟု တွေးမိလေသည်။
ကာဠီသည် သူ၏အရှင်မကို ဆက်လက် အကဲစမ်းချင်ပြန်၍ နောက်တစ်နေ့ နံနက်၌လည်း အိပ်ရာထဲမှာပင် လှဲလျက်နေ၏။ ထိုအကြိမ်၌မူ ဝေဒေဟိကာသည် ဆဲဆိုကြိမ်းမောင်းရုံမျှမက ကာဠီ၏ ဦးခေါင်းကို တံခါးမင်းတုပ်ဖြင့် ရိုက်နှက်ပစ်လေသည်။ အော် ယဉ်ကျေးတဲ့သူများ မိုက်ပြီဆိုလျှင် ဒီလိုများလား။ ဦးခေါင်းဒဏ်ရာမှ သွေးများ ယိုစီးကျပြီး တစ်ကိုယ်လုံး ခြင်းခြင်းနီလျက်ရှိသော ကာဠီသည် အိမ်ပေါ်မှ ပြေးဆင်းသွားလေ၏။ ထို အဖြစ်အပျက်ကို မြင်တွေ့ ကြားသိရတဲ့ လူများက “ အမှန်တော့ ဝေဒေဟိကာသည် ရက်စက်ကြမ်းကြုတ်၍၊ သဘောထားမကောင်းလွန်းသူ ပါလား” ဟူ၍ သိလိုက်ကြ၏။ သိမ်မွေ့ပါသည်ဆိုသော ဝေဒေဟိကာ၏ မျက်နှာပြင်သည် ဒေါသမှန်ဟုန်တို့ဖြင့် ဖုံးလွှမ်းကာ ကြောက်မက်ဖွယ်လည်းကောင်းလေ၏။ ထိုမှစ၍ ဝေဒေဟိကာ၏ ကောင်းသတင်းများ ကွယ်ပျောက်လေ၏။ ဆန့်ကျင်ဘက် သတင်းဆိုးများဖြင့်သာ ကျော်စောပျံ့နှံ့သူအဖြစ်သို့ ရောက်ရလေ၏။
ဤကား ဥပမာ ထင်မြင်နိုင်ရန်ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်ပါတယ်။ အခုခေတ် လူအများစုဟာလည်း ကျနော်လည်း အပါဝင်ပေါ့လေ။ အခြားသူတစ်ယောက်က ကိုယ့်အပေါ်မှာ ကောင်းနေသမျှကာလပတ်လုံးတော့၊ ထိုသူ့အပေါ်မှာ အမြဲကြည်လင်နေတယ်။ သူမှသူ အခြားသူမရှိ ပကတိငါ့အပေါ်အမြဲကောင်းဆိုသလို ပါးစပ်ဖြားကမချ၊ ပြေဆိုလေ့ရှိတက်ကြ၏။ အဲ……အလိုမကျတာလေးများ ပြုမူဆက်ဆံမိလိုက်တာနဲ့၊ အဲဒီသူကို သံသယစိတ်တွေနဲ့ မလိုအမုန်းထား ရန်သူအလားကဲ့သို့ သတ်မှတ်ပြီး တုန့်ပြန်လေ့ရှိတက်ကြတာလည်း ကျနော်တို့ရဲ့ ညင်လေးပဲဗျ။
မိမိ၏ စိတ်သန္တာန်၌ မနှစ်သက် မလိုလားဖွယ်ရာ အမြင်အကြား၊ အထိအတွေ့ အာရုံတို့နှင့် မဆုံရ မကြုံရသေး၍ ထိန်းသိမ်း စောင့်စည်းနိုင်ခြင်းမျိုး၊ သည်းခံနိုင်ခြင်းမျိုးသည် ချီးမွမ်းဖွယ် မဟုတ်ပါဘူး။ မည်သို့သော မနှစ်သက်ဖွယ်ရာ အာရုံများကိုပင် ဆုံရသည်ဖြစ်စေ ထိန်းသိမ်းစောင့်စည်း နိုင်ခြင်းမျိုး၊ သည်းခံနိုင်ခြင်းမျိုးသည်သာလျှင် သူတော်ကောင်းတို့၏ ကျင့်ထုံးဖြစ်၏။ အဲဒါကြောင့် ယနေ့မှစ၍ ကျနော်တို့ရဲ့ အတွေးမှားဖြစ်တဲ့ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတဲ့ စကားလုံးအစား၊ သင်ကောင်းကောင်း၊ မကောင်းကောင်း ကျွန်ုပ်ဘက်ကအမြဲကောင်းမည်”ဆိုတဲ့ စကားလုံးလေးကို ကျနော်တို့ ရင်ထဲမှာ အမြဲထာဝရ ထားရှိပြီး ကျင့်သုံးလိုက်ကြရအောင်။ (မူလပဏ္ဏာသပါဠိတော်၊ သြပမ္မ၀ဂ်၊ ကကစူပမသုတ်)
Labels:
Myanmar articles
0 comments:
Post a Comment